Cultus Lake သို့တစ်ခေါက်(အိမ့်ချမ်းမြေ့)

| Wednesday, 12 June 2013
view-of-cultus-lake-from-main-beach.JPG
နွေရာသီမရောက်သေးပေမယ့်လည်း နွေဦးရဲ့နေရောင်ခြည်နွေးနွေးလေး ဖြာကျလာတာနဲ့ ဒီဆောင်းကို စိတ်ပျက်နေကြတဲ့ ကျမတို့ လွန်ခဲ့တဲ့ စနေနေ့က Cultus Lake ဆိုတဲ့ရေကန်တစ်ခုမှာ နေ့လည်စာသွားစားကြတယ်။ ရာသီဥတုက သိပ်မပူသေးပေမယ့်လည်း နွေးနွေးလေးမို့ ခရီးသွားရတာ မဆိုးလှပါဘူး။ ရေကန်ကလည်း ကျမတို့ နေတဲ့မြို့နဲ့ဆို အရှေ့ဘက်ကိုထွက်သွားရင် ကားနဲ့တစ်နာရီလောက်ပဲမောင်းရတဲ့ chilliwack ဆိုတဲ့ မြို့အ၀င်နားမှာမို့ မနက်ကိုးနာရီလောက်မှာ စီစဉ်တဲ့ဦးလေးတစ်ယောက်အိမ်မှာလူစုပြီး စထွက်လာကြတယ်။ ပစ်ကနစ်ထွက်ဖို့ အချိန်နည်းနည်း စောနေသေးပေမယ့်လည်း အကုန်လုံးက သွားချင်နေကြတာနဲ့ ထွက်လာကြတာပါပဲ။ လူကတော့ ဒီတစ်ခါ သိပ်မများပါဘူး။ ဆွေမျိုးတွေ အကုန်မပါဘူး။ ၁၂ယောက်ပဲ ပါတယ်။
မြို့ရဲ့ အရှေ့ဘက်ကိုထွက်လာပြီး မြို့ပြင်ရောက်တာနဲ့ Concrete Jungle တွေနဲ့ဝေးသွားတော့ တောင်ပြာတန်းတွေကို ရှင်းရှင်းလင်းလင်း စပြီးမြင်ရတော့တာပါပဲ။ စနိုးတွေတစ်တောင်လုံးဖုံးနေတဲ့ Mt. Baker ကြီးက ကောင်းကင်ပြာထဲကိုထိုးထွက်နေပြီး၊ ကားလမ်းရဲ့ ဘယ်နဲ့ညာဘက်မှာလည်း လယ်ကွင်းတွေ၊ ပြောင်းခင်းတွေ၊ စိုက်ခင်းတွေ၊ မှိုစိုက်တဲ့တဲရုံတွေ၊ ပန်းခင်းတွေ၊ စားကျက်ထဲမှာ နေစာလှုံရင်း မြက်တို့ ကောက်ရိုးတို့စားနေတဲ့ ထွားထွားကြိုင်းကြိုင်း မြင်းတွေ၊ နွားတွေ နဲ့ သိပ်ကိုလှတာပါပဲ။
mtbaker.jpg
 roadtochilliwack.jpg
 roadtochilliwack2.jpg

အောက်ကပုံကတော့ အ၀ါရောင်လွှမ်းခြုံနေတဲ့ daffodils ပန်းခင်းပါ။

flowerfields.jpg
လွန်ခဲ့တဲ့ အနှစ်တစ်သောင်းလောက်ကစပြီး လူနီခြောက်သောင်းလောက်ပဲရှိတဲ့ ဒီဒေသလေးကို ဥရောပသားတွေခြေချလာရာကစပြီးနောက် သမိုင်းစာမျက်နှာပေါ်ကို Chilliwack ဆိုတဲ့ဒီမြို့လေးရောက်ရှိလာတာပါပဲ။ ဥရောပသားတွေဆီကပါလာတဲ့ ရောဂါတွေကြောင့် လူနီဦးရေကျသွားတယ်လို့လဲ သိရတယ်။ ၁၈၅၀ လောက်တွေမှာ ရွှေရှာတဲ့လူတွေရယ်၊ မိုင်းရှာတဲ့လူတွေရယ်နဲ့ ဒေသလေးဟာ တဖြည်းဖြည်း စည်ကားလာတော့တာပါပဲ။ အခုတော့ လူဖြူတွေ အနေပိုများတဲ့ မြို့လေးဖြစ်နေပြီပေါ့။ ဒါတောင် လူဦးရေ ရှစ်သောင်းမပြည့်သေးပါဘူး။
ဒီမြို့လေးဟာ ဧပြီလနဲ့မေလတွေမှာ တစ်မြို့လုံး ကိုယ်ထူကိုယ်ထစနစ်နဲ့ ရပ်ရွာသန့်ရှင်းရေးလုပ်လေ့ရှိတယ်။ မြို့လမ်းမတွေ၊ ပန်းခြံတွေ၊ ရေမြောင်းတွေ၊ အမှိုက်သရိုက်တွေကို မြို့တော်သန့်ရှင်းရေးစနစ် ရှိပေမယ့်လည်း ကိုယ်ထူကိုယ်ထစနစ်နဲ့ သန့်ရှင်းရေးလုပ်ကြတယ်။ အထက်တန်းကျောင်းသားတွေနဲ့ လူငယ်လေးတွေကလည်း လူစုပြီး အိမ်တွေကအမှိုက်တွေကို လိုက်ကောက်ပြီး ရံပုံငွေရှာကြတယ်။ တစ်အိမ်ကို အလှုငွေ ဒေါ်လာသုံးဆယ် သို့မဟုတ် လေးဆယ်လောက် ကောက်လေ့ရှိကြတယ်။ ဒါကတော့ မြို့လေးရဲ့ သမိုင်းအကျဉ်းနဲ့ ချစ်စရာဓလေ့လေး တစ်ခုပါ။
ဒီရေကန်ကို အနည်းဆုံးတစ်နှစ်တစ်ကြိမ်လောက်တော့ ကျမတို့ရောက်တယ်။ မြို့အ၀င်ရောက်တော့ ရေကန်ဘက်မသွားခင် ကော်ဖီဆိုင်ရှေ့မှာ ခဏရပ်ကြပြီး ကော်ဖီဝယ်သောက်သူသောက်၊ အပေါ့အပါးသွားတဲ့လူသွားကြတယ်။ ကော်ဖီဆိုင်ဘေးက ရောင်စုံထီးတွေအောက်မှာလည်း လူတွေ ကော်ဖီထိုင်သောက်နေကြတယ်။ ဆိုင်တွေနောက်က တောင်တန်းပြာတွေက အနားမှာကပ်ပြီး ထီးထီးကြီးတွေ။ အဲဒီနားတစ်ဝိုက်က ဆိုင်တွေမှာလဲ လူတွေ၊ ကားအ၀င်အထွက်တွေနဲ့ စည်ကားနေတယ်။ အဲဒီအချိန်မှာ အမိုးပွင့်ကားနဲ့ အသက်ငါးဆယ်လောက်ရှိတဲ့ အဖြူမကြီးတစ်ယောက်က flareတွေ glareတွေနဲ့သီချင်းအကျယ်ကြီးဖွင့်ပြီး ဂျိမ်းစဘွန်းပုံစံနဲ့ ကားကိုမောင်းဝင်လာတယ်။ ပြီးတော့ ရပ်ထားတဲ့ နောက်ထပ် အနက်ရောင်အမိုးပွင့်ကားဘေးမှာ ၀င်ထိုးလိုက်တယ်။ ကျမတို့ မြန်မာတွေကလည်း သိတဲ့အတိုင်းပဲ မတွေ့ရတာ နှစ်နဲ့ချီနေကြတဲ့အတိုင်း သွားစရာရှိတဲ့ ရေကန်ကို ဆက်မထွက်သေးဘဲ၊ အဲဒီနားမှာ မတ်တပ်တွေရပ်ပြီး စကားတွေ ဖောင်ဖွဲ့နေကြချိန်မှာ “ဂျိမ်း” ဆိုတဲ့ အသံကြီးကို ကြားလိုက်ရတော့တာပါပဲ။
အမိုးပွင့်ကားထဲက အန်တီကြီးက မျက်မှန်ကို ဆံပင်ပေါ်ကို တင်လိုက်ပြီး စိတ်ပျက်ပျက်နဲ့ဆင်းလာတယ်။ သီချင်းသံကလဲ တိတ်သွားပြီ။ ရောင်စုံထီးတွေအောက်မှာ ကော်ဖီသောက်နေတဲ့ ကျန်တဲ့လူတွေကလဲ သူ့ကိုမသိမသာကြည့်နေကြတယ်။ သူက သူတိုက်လိုက်တဲ့ အနက်ရောင်အမိုးပွင့်ကားကို ဟန်ပါပါ တစ်ပတ်ပတ်ကြည့်တယ်။ တစ်ကယ်က တစ်ပတ်ပတ်စရာမလိုပါဘူး။ သူတိုက်လိုက်တဲ့နေရာက ဘယ်ဘက်နောက်မီးလုံးနားမှာအသိသာကြီးကို၊ ပြီးတော့ ကော်ဖီသောက်နေသူတွေကို ဒီကားက ဘယ်သူ့ကားလဲ လို့လှမ်းမေးတယ်။ ကော်ဖီသောက်နေသူတွေက တစ်ညီတစ်ညာထဲ ခေါင်းခါပြကြတယ်။ အဲဒီအန်တီကြီးက သူပွတ်ဆွဲလိုက်တဲ့ ကားကို ဟန်ပါပါနဲ့ တစ်ပတ်ပတ်ကြည့်ပြန်တယ်။ နောက်တော့ ဘာဆက်ဖြစ်လဲမသိဘူး။ ကျမတို့လည်း နေသိပ်မြင့်မှာစိုးလို့ ရေကန်ဘက်ကို ထွက်လာခဲ့တယ်။
ရေကန်ဘက်ရောက်တော့ ကန်ကြီးက အကြီးကြီးဆိုတော့ သောင်ပြင်တွေကလည်း အများကြီးပဲ။ ကန်ပတ်လမ်းတလျှောက် မောင်းလာတုန်း ဖုန်းကမြည်လာတယ်။ ပစ်ကနစ်ထွက်ဖို့ကို စီစဉ်တဲ့ ဦးလေးကလွဲပြီး အကုန်လုံး ကန်နားရောက်နေပြီ။ ဦးဆောင်တဲ့ ဦးလေးက သူကိုယ်တိုင် မြေပုံတွေပရင့်ထုတ်၊ ဆဲလ်ဖုန်းနံပါတ်တွေ အစဉ်လိုက်ရေးထားပေးပြီးတော့ ကျန်သူတွေက ကန်နားရောက်နေပြီး သူတစ်ယောက်ထဲ တောလမ်းထဲရောက်နေလို့တဲ့။ သူလဲ ရောက်ဖူးသားနဲ့ ရေကန်ကိုရောက်မလာဘဲ တောထဲဘယ်လိုရောက်သွားလဲ မသိ။
ဒါနဲ့ ရေကန်နားက water park မှာ စောင့်နေမယ်လို့မှာပြီး အားလုံးသူ့ကို စောင့်နေကြတာပေါ့။ ၁၀မိနစ်လောက်နေတော့ water park နားကို ဦးလေးရောက်လာတယ်။ ဒါနဲ့ main beachက မြက်ခင်းပြင်ဘက်ကို ဆက်ထွက်လာကြတယ်။ main beach ရောက်တော့ picnic table တွေမှာ ကားပေါ်က စားစရာတွေ၊ မီးဖိုတွေ၊ အခင်းတွေ စတဲ့ပစ္စည်းတွေချပြီး စားဖို့သောက်ဖို့ပြင်ကြတယ်။ တစ်ယောက်မှ ပတ်ဝန်းကျင်အလှကို ကြည့်မနေနိုင်ကြတော့ဘူး။ စကားလဲမပြောနိုင်ကြတော့ဘူး။ တက်ညီလက်ညီနဲ့ အိမ်ကချက်လာတာတွေ၊ အိုးတွေ၊ မီးဖိုတွေ ချသူချ၊ မြက်ခင်းပေါ်မှာ အခင်းတွေခင်းသူခင်းနဲ့ အလုပ်ရှုပ်နေကြတယ်။
waterpark.jpg
ပါလာတဲ့ စားစရာတွေကတော့ ခေါက်ဆွဲကြော်နှစ်မျိုး၊ ကြာဇံကြော်၊ ငါးဖယ်သုတ်၊ အာလူးနဲ့အမဲနှပ်၊ ပဲထမင်းပေါင်း၊ ငါးပိထောင်း၊ ကော်ဖီ၊ လက်ဘက်ရည်၊ ရေနွေးကြမ်း စသဖြင့်စုံလို့ပါပဲ။ ရောက်တာနဲ့ ပါလာတဲ့ မီးဖိုကိုဖိုပြီး ဟင်းတွေ ထမင်းတွေ နွှေးပြီး အနားက စားပွဲလေးတွေမှာ စုပြီး စစားကြတော့တာပါပဲ။ ခပ်လှမ်းလှမ်း မြက်ခင်းပြင်ပေါ်မှာလဲ နေပူစာလှုံရင်း စာဖတ်နေသူတွေ၊ ကမ်းစပ်မှာ ထိုင်ပြီးစကားပြောနေတဲ့ သူတွေ၊ ရေထဲမှာ သွားနေတဲ့ မော်တော်ဘုတ်လေး တစ်စင်းနှစ်စင်းနဲ့ နွေရာသီခေါင်ခေါင်မှာလို ခြေချစရာနေရာမရှိလောက်အောင် မစည်ကားသေးပေမယ့် သူ့အထွာနဲ့သူ စည်ကားနေပါတယ်။ အဲဒီအချိန်မှာ ကျမတို့ စားနေတဲ့ စားပွဲနားကို ငန်းတစ်ကောင်က မယောင်မလည်ရောက်လာတယ်။
အဲဒီအချိန်မှာ ကျမညီမလေးက တိရိစ္ဆာန်တွေကို သဘာဝအတိုင်းထားရတယ်ဆိုတာသိပေမယ့် ခေါက်ဆွဲနည်းနည်းပစ်ကြွေးလိုက်တယ်။
“သွားမကြွေးနဲ့လေ၊ လုံခြုံရေးတွေလာရင် ပြောနေမယ်” ကျမ ပြောလိုက်တယ်။
“ရပါတယ်.. ဆာနေရှာတယ်ထင်တယ်”
ငန်းကလဲ ညီမလေးကြွေးတဲ့ ခေါက်ဆွဲကို မြိန်လျှက်စွာ စားနေတာနဲ့ ပန်းကန်ထဲက ငပိထောင်းနဲနဲပေနေတဲ့ ခေါက်ဆွဲကို ကျမထပ်ကြွေးလိုက်တယ်။ ငန်းက အခြေအနေကောင်းနေတုန်းပဲ။ အေးအေးဆေးဆေးပဲ စားတယ်။ ညီအစ်မတွေ အစပ်စားနေတဲ့ ငန်းကိုကြည့်ပြီး သဘောကျနေတာပေါ့။
“ဒီမှာ ကနေဒီယန်ငန်း ဗမာငပိနဲ့ခေါက်ဆွဲစားနေတာ လာကြည့်ကြ”
goose.jpg
အစ်မတစ်ယောက်က ဟိုဘက်ဝိုင်းက လူတွေကို လှမ်းအော်လိုက်တယ်။ ငန်းက တော်တော်စားပြီး ဗိုက်လေးသွားပုံနဲ့ ခဏထိုင်နေတယ်။ ဒါနဲ့ ကျမလဲ ကင်မရာယူပြီး ရိုက်ထားလိုက်တယ်။ ခဏနေတော့ အဲဒီငန်းက အနားကပ်လာပြန်ရော။ အစ်မက သူ့ပန်းကန်ထဲက စားစရာတစ်ခုကို ပစ်ကြွေးလိုက်တယ်။ ငန်းက ကောက်စားလိုက်တယ်။ ပြီးတော့ နည်းနည်း ဂနာမငြိမ်ဖြစ်လာတယ်။ ပြီးတော့ အနားက မြက်တွေကို သူ့နှုတ်သီးနဲ့ ဆွဲနှုတ်ပြီး စားနေတယ်။ ပြီးလဲပြီးရော အကျယ်ကြီးအော်ပြီး ပျံပြေးသွားတယ်။ အော်တာမှ တော်တော်လေး ကျယ်ကျယ်လောင်လောင်ကို အော်ပြီး ပျံပြေးသွားတော့တာပါပဲ။
“ဘာသွားကြွေးလိုက်လဲ” လို့ ကျမတို့လဲ အမကို မေးလိုက်တယ်။
“ငါးဖယ်သုတ်သွားကြွေးလိုက်တာ” လို့ အပြစ်ရှိတဲ့ မျက်နှာနဲ့ မျက်နှာငယ်ပြီး ဖြေလိုက်တယ်။
“ဟာ.. အဲဒီထဲမှာ ငရုတ်သီးတွေထည့်သုတ်ထားတာ၊ အစိမ်းကော အမှုန့်တွေကော” ညီမတစ်ယောက်က အကျယ်ကြီးပြောလိုက်တယ်။
“အဟီး.. တစ်ကယ်တော့ ကနေဒီယန်ငန်း ငါးပိစားနိုင်တော့ ငါးဖယ်သုတ်ငရုတ်သီးစပ်စပ်လည်း ကြိုက်မလား မြည်းခိုင်းလိုက်တာ” ကြွေးလိုက်တဲ့ အမက ရယ်ကျဲကျဲနဲ့ ပြောတယ်။
“ငန်း တစ်ခုခုဖြစ်သွားဦးမယ်” ထုံးစံအတိုင်း ကျမက စိတ်ပူပြီးပြောလိုက်တယ်။
“ဟဲ့.. ငန်း သေနေဦးမယ်နော်…” ဟိုဘက်စားပွဲက အဒေါ်တစ်ယောက်က စိတ်ပူပြီး လှမ်းအော်တယ်။
“သေတော့ မသေနိုင်ပါဘူး” ညီမတစ်ယောက်က အဒေါ်မကြားအောင် ခပ်တိုးတိုးပြောတယ်။
တစ်ယောက်တစ်ပေါက်ပြောနေတုန်း ငန်းကတော့ အဝေးကိုပျံထွက်သွားပြီ။
game.jpg
ကျမတို့လည်း စားပြီးလို့ဗိုက်လေးပြီး အခင်းခင်းထားတဲ့ အပေါ်မှာ ပက်လက်လှန်ပြီး ကောင်းကင်ပြာကြီးကို ကြည့်နေတာပေါ့၊ ယောင်္ကျားလေးအုပ်စုကတော့ စွန်လွှတ်နေကြတယ်။ သူတို့စွန်ကို အနားက လူဖြူတွေက သဘောကျနေကြတယ်။ ခဏနေတော့ ကြက်တောင်ရိုက်သူရိုက်၊ စွန်လွှတ်သူလွှတ်၊ နယ်မြေလေ့လာရေးထွက်သူထွက်နဲ့ ကိုယ့်ဟာနဲ့ကိုယ် အလုပ်ရှုပ်နေကြတော့တယ်။ အဲဒီနေ့က အဖေနဲ့သမီးတွေက ဘောလုံးကန်ပြီး၊ အမေနဲ့သားတွေက စွန်လွှတ်ကြသေးတယ်။ ရေကူးဝတ်စုံတွေ လိုလိုမယ်မယ်ယူလာကြပေမယ့် ရေကတော့ ကူးလို့မရသေးဘူး။ အေးနေတုန်းပဲ။ လူကြီးဝိုင်းကတော့ ဗူးသီးကြော်၊ ဗယာကြော်၊ ကြက်သွန်ကြော်ရယ် ရေနွေးကြမ်းရယ်နဲ့ အဆင်ပြေနေကြတယ်။
tempura.jpg
ညနေ လေးနာရီလောက်ကျတော့ ပြန်ဖို့ ပစ္စည်းတွေ သိမ်းကြတယ်။ အလာတုန်းက ဗိုက်ဆာဆာနဲ့ ပစ္စည်းတွေချတာ ၁၀မိနစ်တောင် မကြာတာ၊ အပြန်ပစ္စည်းသိမ်းတာကြတော့ လူတွေက မလှုပ်ချင်လှုပ်ချင်နဲ့ အမှိုက်တွေတစ်စမကျန်အောင်ကောက်၊ ကားတွေထဲ ပစ္စည်းပြန်ထည့်တာ နာရီဝက်မက ကြာနေကြတယ်။ ဒီလိုနဲ့ ညနေ လေးနာရီခွဲလောက်မှာ ရေကန်ကြီးကနေ အိမ်ကို ကျမတို့ပြန်ခဲ့ကြပါတယ်။

0 comments:

Post a Comment

Next Prev
▲ အပေါ်သို့ ▲